Uniblue Power Suite 2012


အားလုံးသော ကျွန်တော့် ဘလော့ဂ်လေးကို လာလည်ကြတဲ့ သူအပေါင်း ၂၀၁၂ နှစ်သစ် ကြီးမှာ လိုအင်ဆန္ဒတွေ တစ်လုံး တစ်ဝတည်း ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်..၊

ကျွန်တော်လဲ ဘလော့ဂ် မရေးတာ အတော်ကြာသွားပါပြီ အခု ၂၀၁၂ နှစ်သစ်ကြီးမှာ ဆော့ဖ်ဝဲလ်တွေ ပရိုဂရမ်တွေ အသစ်တွေ အပ်ဒိတ် တွေဖြစ်ကုန် ပါပြီ ဒါကြောင့် ကျွန်တော်လဲ အသုံးလိုလို့ သွင်းထားတာလေးတွေကို ပြန်လည် ဝေမျှပါရစေ....၊

အခု ပထမဆုံး ဝေမျှပေးခြင်တာက ကွန်ပြူတာအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆော့ဖ်ဝဲလ် တစ်ခုလို့ ပြောလို့ ရတဲ့ Uniblue Power Suite 2012 လေးပါ သူက တစ်ခု Run လိုက်တာနဲ့ သူ့မှာ ပရိုဂရမ် ၃ ခု ပါပါတယ်..


Serials Key လေးတွေပါ ထည့်ထားလို့ Full Version အဖြစ် သုံးလို့ ရမှာပါ.. ကီး ထည့်နည်း အင်စတော လုပ်နည်း လေးတွေပါ အောက်မှာ ဗွီဒီယိုနဲ့ တင်ပေးထားပါတယ်ဗျာ...




Mirror လင့် ငါးခု ကနေ တင်ပေးထားပါတယ်.. ကိုယ်နဲ့ အဆင်ပြေမယ့် Mirror ကနေ ဒေါင်းကြပါ..။ပထမဆုံး လင့်ကို နှိပ်လိုက်တာနဲ့ နောက်ထပ် Page တစ်ခု ပေါ်လာပါမယ် ၅ စက္ကန့် စောင့်ပြီးရင် အပေါ်ဆုံး ညာဘက်ဒေါင့်မှာ SKIP ADD ဆိုတာ နှိပ်ပြီး ဖွက်ထားတဲ့ လင့်တွေ ကနေ ကိုယ်နဲ့ အဆင်ပြေရာကနေ ဒေါင်းကြပါခင်ဗျာ..။

ဒေါင်းလုဒ်လုပ်ရန် ပုံကို နှိပ်ပါ




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


အောက်တိုဘာတမနက် ပြာလဲ့လဲ့သံဝေဂ



ပြူတင်းပေါက်ဖွင့်ဖို့တောင် ခွန်အားမရှိတဲ့ စိတ်နဲ့
နေ့အသစ်တခုကို ရင်ဆိုင်ဖို့ ပြင်ရတော့တယ်

မြင်နေကျ ချက်စ်နပ်ပင်ကြီးရဲ့ပင်ခြေကို မမြင်ရတာပဲကောင်းတယ်
တရွက်ချင်း ရှေ့ဆင့်နောက်ဆင့် သစ်ရွက်တွေကြွေကျနေမှာသိလျက်မို့
ကိုယ့်မှာ ကုလားထိုင်တလုံးပေါ် အခြောက်တိုက်ကြီး ထိုင်ရင်း သွေးပျက်နေရရဲ့

နေရောင်ခြည်ဟာ ဧည့်ကောင်းစောင်ကောင်းလို သိမ်သိမ်မွေ့မွေ့ကလေး
လေပြင်းကတော့ အလိုက်မသိတတ်တဲ့ အိမ်နီးချင်းလို ၀ုန်းဒိုင်းကျဲချင်ချင်
ချမ်းခိုက်တုန်အောင် အေးတဲ့ အအေးဓါတ်က ဓါးနဲ့မိုးထားသလိုကြီးစိုးလို့

ကျွက်ကျွက်ဆူရေနွေးနဲ့ လောင်းဖျော်ထားတဲ့ င့ါ လက်ထဲက ကော်ဖီတခွက်ဟာ
ညှိုးချုန်းပူပန် ပျက်စီးနေတဲ့ ငါ့ အတွင်းစိတ်ကို ကုစား အားအင်တွေ ဖြည့်ပေးနိုင်ပါမတဲ့လား

သွားသူတွေက သွားနှင့်ပြီ
ငါ ဘယ်တော့ လိုက်သွားရမှာလဲ။ ။

ခင်အောင်အေး
၂၄၊ အောက်တိုဘာ၊ ၂၀၀၈ ချေလ်တန်ဂရို့ဗ် လန်ဒန် ၀၇း၅၁ နာရီ
Read more


ကျန်ရစ်သူ ပင်လယ်


ပင်လယ်ကိုမြင်ရဖို့ပဲ
လိုင်းတွေထဲ အပြာရောင်တွေ ထုနဲ့ထည်နဲ့ တဖြည်းဖြည်း ပြန့်ကား
ဖျော့တော့သွား နိမ့်မြင့်လှုပ်ရှားပုံ လှိုင်းခေါင်းဖြူဖွေးပုံ ရိပ်ကနဲ တောင်ကွေ့လမ်း
ကလေးကနေ ကားခေါင်းအတည်မှာ ဘွားကနဲ ရင်ဆိုင်တွေ့လိုက်ရတယ်
အဲဒါကို မြင်ရဖို့ တစ်လျှောက်လုံး လာခဲ့ရတာ

ဒီလိုနဲ့ အသက်ရှင်ခဲ့တယ်
မွေးနေ့ရယ်လို့ ကိန်းဂဏန်းတွဲ တစ်ခုရှိမယ် ic ဒါမှမဟုတ် id ကိုင်ဆောင်ဖို့ အသုံးတည့်
ပြီး မပြီးဆုံးနိုင်အောင် ရင်ဆိုင်ရမှုများ challenge လို့ စကားလုံးသုံးနှုန်းတယ် come -
on ဆက်သွားရုံပဲ ပွတ်တိုက်မှု အစဉ်တန်းအရ ထုတ်လုပ်/ထွက်ရှိလာမှု ကုန်ပစ္စည်းနှယ် ဒါ
ပေမယ့် သွေးနဲ့ကိုယ်သားနဲ့ကိုယ်လို့ သူ့ကိုယ်ရေးရာဇ၀င်မှာ လိပ်ပြာသန့်သန့်ရေးဖြည့်ထားမယ်

ပြန်လာဖို့ထွက်သွားသူတွေလည်းမဟုတ်တော့
မထွက်ခင်ကတည်းက ပြန်ချင်နေပြီးသား ရွှံ့တွေလို အရောအနှော ရွေးမရအောင်တူရ ငါကခါး
လည်း နောက်ထပ် အခါးများ ယာဉ်ရထားမှန်သမျှ အလိုတူအလိုပါ ရွေ့ကောင်းရွေ့နေမယ် ပို့ကောင်း
ပို့နေမယ် ဟိုဘက်စည်းနဲ့ ဒီဘက်စည်းကြားမှာ မမြင်ရတဲ့ magic rope ဘ၀ခြားနယ်နိမိတ်မျဉ်း အထူ
အပါး ဒီနားမှာလိုလို ဟိုနားမှာလေလား ပြန်လာတာလား ထွက်သွားတာလား ဟုတ်/မဟုတ်တော့..

၁၉၉၂မှာ
ပင်လယ်ရဲ့သမိုင်းကို စရေးကြတယ် ပထမ’ လို့စလိုက်တယ် နောက် ‘တောင်တန်းများ’ ဆီ ညွတ်လိုက်သေး
ပေမယ့် နောက်ဆုံးတော့ ‘ပင်လယ်ပဲ ဆလိုင်းရမ်လိန်မှုန်း (ပလိန်ဆိုတော့ ပင်လယ်ပေါ့) ဒီလိုလဲ ကာရန်သင့်
နေသေးကာ ဇေယျာလင်း၊အောင်ဝင်း၊ခင်အောင်အေး၊ကေမြိုးနဲ့စစ်တင်၊လှကို ဘ၀ထိုထိုများ မလွှဲမရှောင်သာ
ဖော်ပြရတဲ့ နာမ်များ(ကိုယ်ပိုင်နာမ်များ) မျှသာ

အဖေ့ရဲ.မိတ်ဆွေ
(ဆလိုင်းမန် ပြောသလို)
ခင်အောင်အေး ၊ ပင်လယ်မှာကျန်ရစ်သူကြီး
ဒါပဲ။   

ခင်အောင်အေး
၁၂၊ အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၂၃း၅၄ နာရီ

(ဒီနေ့ လန်ဒန်မြို့ အော့စ်ဖန် စာအုပ်တိုက်က ကြီးမှူးတဲ့ ကဗျာရွတ်ပွဲမှာ အမေရိကန်ကဗျာဆရာ
၂ ယောက် ဗြိတိန်ကဗျာဆရာ ၂ ယောက်နဲ့အတူ စိတ်လှုပ်ရှားစွာ ကဗျာရွတ်ပြီး ပြန်အလာမှာ
ချင်းအမျိုးသမီး ကဗျာဆရာမအိုင်းဒီးရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ကိုယ်တို့က ပလိန်လို့ခေါ်တဲ့
သူငယ်ချင်းရဲဘော် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်းရမ်လိန်မှုန်း ရဲ့သား ဆလိုင်းမန်ရဲ့ ကဗျာလေးကို
တွေ့ရာမှ မမြော်လင့်ပဲ ကဗျာသွေးကြွကာ ရေးမိသောကဗျာအားချစ်ခင်စိတ်ဖြင့် အမှတ်တရ
တုံ့ပြန်ဖော်ပြဖြစ်ပါသည်။
“တမလွန်ဘ၀က သူငယ်ချင်း.. ကဗျာ ၂ ပုဒ်လုံးကို ကြားယောင်စေသော်ဝ်…


 ဆလိုင်းမန်ရဲ့ကဗျာ


Read more


ငါ နားထောင်နေတယ်

ငါ နားထောင်နေတယ်

ပြည်တွင်း ပြည်ပ သတင်းများ
ငါ နားထောင်နေတယ်

လေတဟူးဟူး တိုးသံများ
ငါ နားထောင်နေတယ်

ငါမတီးတတ် မဆိုတတ်တဲ့ သီချင်းဆန်းများ
ငါ နားထောင်နေတယ်

ဘ၀တခုခုရဲ့
အဆီအငေါ်မတည့်တဲ့ ကြိတ်မြည်သံ တကျွီကျွီ
ငါ နားထောင်နေတယ်

ပင်လယ်ရဲ့ စုပ်ဝဲကြီးထဲ နှစ်ပလိုက်မယ်ဆိုတဲ့ ကြုံးဝါးသံ
ငါ နားထောင်နေတယ်

ငါ နားစိုက်ထောင်နေရင်း
ဘာသံမှ မကြားရတော့ဘူး
ဘာသံမှ မကြားရတော့ဘူး

ဘာသံမှ မကြားရတော့ဘူး
ဘာသံမှ မကြားရတော့ဘူး

ငါ ဆက်နားစွင့်နေမိတယ်။ ။

ခင်အောင်အေး
၁၀၊ အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ် လန်ဒန် ၁၃း၃၄ နာရီ
Read more


သမိုင်းနဲ့ လူလုပ်မီးရထား




လူတွေကို ငါဘယ်လို သဘောထားရမလဲ
ငါ့ ကိုယ်ငါ ဘယ်လို သဘောထားရမလဲ
မေးခွန်း ၂ ခုဟာ တခုကို ဖြေရှင်းပြီးရင်
နောက်တခု အလိုလို ဖြေရှင်းမိလျက်သားဖြစ်မှာပဲ

သဘောထား ဆိုတာကို ငါဘယ်လိုသဘောထားရမလဲ
ဘယ်လို ဆိုတာကို ငါဘယ်လို သဘောထားရမလဲ
သဘော ဆိုတာကို ဘယ်နားမှာ ဘယ်လိုထားပြီး
ဘယ်လို ဆိုတာကို ဘယ်နားမှာ ဘယ်လို သဘောထားမလဲ

ဝူးဝူး ၀ါးဝါးကနေ
လက်ဟန်ခြေဟန်နဲ့ပေါင်းစပ်
နောက် အသံမှာ သင်္ကေတတွေ ပါလာပြီး
အချက်ပြသလို နားလည်မှုနဲ့ ရှေ့ဆက်တက်လာခဲ့ကြ
သောင်းဂဏန်းမျှ နှစ်ကာလတွေ ဖြတ်ကျော်မိပြီးတဲ့အခါ

ဘာသာစကားတွေ အသီးသီးပေါ်ထွန်းလာ
ဟုတ်ပီ ထင်ရတဲ့ စကား စာသား စာပေ ယဉ်ကျေးမှု
ဟုတ်ပီ ထင်ရတဲ့ အတွေးအခေါ် အမြော်အမြင် ယဉ်ကျေးမှု
ငါ အခုနက မေးမိတာ ငါ တော်တော် တုံးတာလား
ငါ အဖုံးတခုကို လှပ်မိတာလား

ဝေါကနဲ ရထားတစ်စင်းဟာ ဖြတ်သွားရဲ့
ဟော လှေကားမှာ ခြေသံကြားရပြီ

ငါအခုပြောနေတာနဲ့
ခုနလေးတင်ကပြောနေတာနဲ့
ဟိုတလောလေးက ပြောနေတာနဲ့

သဘောထားတွေချည့်ပါပဲ
ရထားဟာ အဆက်မပြတ် ခုတ်မောင်းသွားနေတယ်
သမိုင်းကတော့ ငါးခူပြုံးပြုံးလို့။ ။

ခင်အောင်အေး
၃၀၊ သြဂုတ်၊ ၂၀၁၁ ရုဒက်ဆိုင်မြို့ ဂျာမဏီ ၁၂း၅၂ နာရီ
Read more


လျှပ်တပြက်မှတ်တမ်း




လျှပ်တပြက်မှတ်တမ်း
(လန်ဒန်-ဂျာမဏီ ခရီးစဉ်)

၂၀၁၁၊ သြဂုတ်၊ ၂၃ မနက် ၉း၃၀ ဖရန့်ဖတ် ဟမ် လေဆိပ်မှာ ဂျာမဏီမြေကိုနင်းရတယ်။
အို ပျော်စရာကြီးပေါ့။ အရှေ့တိုင်းသား တစ်ယောက်အတွက် ဥရောပရဲ့ အထင်ကရ နိုင်ငံမှာ
ဒါ တကယ် အရေးကြီးတဲ့ အချိန်ပဲ ထူးခြားတဲ့အချိန်ပဲ ဂုဏ်မာန်တက်နေရမယ့် အချိန်ပဲ

ပျော်နိုင်မှာလား မင်းစဉ်းစား..တကယ်ပျော်နိုင်မှာလား မင်းစဉ်းစား
ည တုန်းက စကားမဆုံးခင် ဆိုင်းအောက်လုပ်သွားတာ ကဗျာတပုဒ်သာ အဖတ်တင်ခဲ့တာ
စာ တိုကလေး တစ်စောင် ချန်ခဲ့တာ ဖတ်လိုက်ရတာ လေယာဉ်ပေါ်သာ ရောက်သွား မူးရိပ်မူးရီနဲ့..

ဘယ်ရောက်ရောက် ဘာကိုမှ မတွေးပဲ ပျော်နိုင်ခွင့်ကို ပေးသနားပါ
ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက် ကွန်နက်ရှင်အဆိုးအကောင်းကို သည်းခံတတ်မှုကို ပေးသနားပါ
ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ လုံလောက်နေတတ်တဲ့ ခွန်အားကို ပေးသနားပါ

အကြင်သူသည် တစုံတယောက်အား ချစ်ခြင်းအားဖြင့်….
အကြင်သူသည် တစုံတယောက်အား ချစ်ခြင်းအားဖြင့်….
အကြင်သူသည် တစုံတယောက်အား ချစ်ခြင်းအားဖြင့်….

ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ မူးရိပ်မူးရီနဲ့..
ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ မူးရိပ်မူးရီနဲ့..
ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ မူးရိပ်မူးရီနဲ့..

၂၀၁၁၊ သြဂုတ်၊ ၂၃ မနက် ၉း၃၀ ဖရန့်ဖတ် ဟမ် လေဆိပ်မှာ ဂျာမဏီမြေကိုနင်းရတယ်။
ပျော်နိုင်မှာလား မင်းစဉ်းစား..တကယ်ပျော်နိုင်မှာလား မင်းစဉ်းစားပါ။ ။

ခင်အောင်အေး

၂၃၊ သြဂုတ်၊ ၂၀၁၁ ဖရန့်ဖတ် ဂျာမဏီ ၁၆း၃၃ နာရီ

Read more


ခဏ ဧည့်သည်


ဒီကနေ့ ညီလေး လင်းထက် မွေးနေ့၊ တခုခု ရေးမယ်ကြိုတင်စိတ်ကူးထားတယ်။ ခု ဒီကဗျာလေး
ရေးဖြစ်တော့ (သူလဲ ကိုယ့်မရေးရသေးတဲ့ စာအုပ်တွေထဲက အဓိကဇာတ်ကောင် တစ်ကောင်ပဲမို့)
သူ့ကို ဒီကဗျာလေး မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။

ခဏ ဧည့်သည်

ကောင်းစွာ ချုပ်ထိန်းထားပြီးဖြစ်လို့ ပုံစံကျနေတဲ့ စိတ်ကို
ညက ဖြည်လွှတ်ပေးကြည့်တယ်။

ဝရံတာလိုလို ကပြင်လိုလို ဖိနပ်ချွတ်လိုလို
အလှကြွေပြားတွေ အပြည့်ခင်းထားတဲ့ အုတ်ခုံစွန်းတစ်ခုမှာ
စိတ်ကူးယဉ်တာလိုလို ခံစားနေတာလိုလို အတွေးပြန့်လွင့်နေတာလိုလို
ထုနဲ့ထည်နဲ့ ငွေ့ရည်စိုင်ခဲဖွဲ့ခဲ့သမျှ နှစ်ငါးဆယ်ကျော်ကျော်ရဲ့ အစွန်းအစပ်မှာ။

စကားဝါ ပန်းနံ့က မွှေးအီအီ
ခပ်လှမ်းလှမ်း တောစပ်(လိုလို) ထဲက ဘုတ်သံက တအီအီ
ဆာကုရ ဆိုတဲ့ မိတ်ဆွေရဲ့အချစ်တော်ခွေးကလေးကလဲ တအီအီ
ငါ တောင်တောင်အီအီ တွေးမိသမျှ အားလုံး မအီမလည်ချည့်သာ။

ငါ့ နောက်ကျောမှာ
စင်တွေနဲ့အပြည့် စီရီဖြည့်တင်းထားတဲ့ စာအုပ်တွေအများကြီး
(ငါ ဟာ နယ်စွန်နယ်ဖျားက စာကြည့်တိုက်ကလေးတခုမှာ တည်းခိုနေတာပါ)
ငါ့ အနောက်မှာ
ဖတ်ရှုလို့ မကုန်နိုင်အောင် ထွေပြား ရှည်လျား ရှုပ်ထွေးမှုများ တပုံတခေါင်းနဲ့
မရေးသားရသေးတဲ့ ဘဝဇာတ်ကြောင်း စာအုပ်တွေအများကြီး
(ငါ ဟာ ဆုံးစမရှိတဲ့ သံသရာခရီးသွားတစ်ယောက်အဖြစ် ခုလက်ရှိဘဝမှာ တည်းခိုနေတာပါ)

ညနက်လာလေ
ဖွင့်ထားတဲ့ သီချင်းသံ (လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က သီချင်းတွေ) လေးနက်လာလေ
ငါ့ ရဲ့ စားမြုံ့ပြန် လုပ်ငန်းဟာ အရသာ ပျစ်ချွဲထူးအမ်းနက်ရှိုင်းလာလေလေနဲ့ပေါ့။

နောက်ဆုံးတော့
အဆုံးသတ်တခုဟာ ရှိနှင့်ဖြစ်တည်ခဲ့ပြီးသား အဆုံးသတ်ကလေးပေါင်း
အရာအထောင်အသောင်းတို့လိုပဲ အဆုံးသတ်ခဲ့ပါတယ်။
(အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့်)



- ကော်ဖီခွက်ကို ဘေစင်ထဲထည့်ခဲ့
- ရေအိမ်ဝင်ကာ ပုံမှန်ညစဉ်လုပ်နေကျအစီအစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့
- မသုံးဖြစ်ပဲ ပွင့်နေတဲ့ ကွန်ပြူတာကို ရှပ်ဒေါင်းလုပ်ခဲ့
- အသင့်ခင်းပြီးသားအိပ်ယာထဲ မဝင်မီ မီးခလုပ်ကို ပိတ်ခဲ့
- စိတ်တံခါးကို ပုံစံကျ ဖြည်းညှင်းငြင်သာစွာ အနှေးမှိန်ချခဲ့…..

ခင်အောင်အေး
၉၊ ဇွန်၊ ၂၀၁၁ မဲဆောက် ၇း၂၆ နာရီ
Read more


ဇာတ်စင်ပေါ်တွင်ကား ဖရိုဖရဲ လွင့်ပျောက်သွားသော မပီမသ ညည်းတွားသံအသွင်ဖြင့်


(သမီး အလတ်မ သို့)

သေတ္တာကိုဖွင့်လိုက်သည်နှင့် နှင်းဆီပွင့်ပုံ သကြားလုံးက မွှေးမြလျက် ငှက်နှစ်ကောင်ထူးဆန်းစွာသေဆုံးပုံ
ခုလောလောဆည်(မတ်လရောက်နေပြီ) ပြက္ခဒိန်အဟောင်းပေါ်မှာပဲ လက်ရေးနဲ့ပြင်ပြီး သုံးတယ် တဂျစ်ဂျစ်
မြည်နေတဲ့ မော်တာလေးရဲ့အားနဲ့ကုတ်ကပ်တရွေ့ရွေ့တက်သွားငုံ့ကြည့်ရတာများတော့ဇက်ကြောတက်လာ
ဟန်တူရဲ့ အပျော်ရေးနဲ့ အပျော်ကြံ မျက်မှန်ထူထူ စာအုပ်ထူထူ စကားလုံးထူထူ သုံးပုံဖဲမှာ အကြီးအကျယ်
ချွေးပျံလို့ ပတ်မကြီး ထီ ကနဲထုလိုက်သံ မိုက်ခွက်ကို တတောက်တောက်ခေါက်သံ ဟယ်လို တက်စ်တင်
ဝမ်း တူး သရီး.. ‘ဟေးးးးသမီးတို့ပြည်ထောင်စုပွဲ’ မျက်ရည်များ တစုံတရာတွန်းအားမပါပဲ လိမ့်စီးကျလာ
ကြက်လျှာစွန်းက ကွေ့ပတ်ပြီး ဆုတောင်းပြည့်ဘုရားဆီ လူတယောက်ရဲ့အဓိပ္ပါယ် တကယ်ပဲထူထဲခဲ့ပြီလား
ပြက္ခဒိန်တွေ အလိုလိုပြောင်းသွားကြ နောင်တ ရမိတဲ့နေ့တွေကို အနီရောင်ကြက်ခြေခတ်နဲ့မှတ်သားထား
ခဲ့တယ် (ရဲပတောင်းခတ်လို့) ထောင့်ကွေးတခုမှာ ခြေတွေလက်တွေအားလုံးကွေးကျစ်ပြီး ဂျင်းဘောင်းဘီ
အနွမ်းရယ် ရာတန်ညစ်ညစ်တရွက်ရယ် စက်လှေအင်ဂျင်သံ တဂျုံးဂျုံး ပြန်လည်ပြောပြဖို့ ပုံပြင်တွေအထပ်
လိုက်နဲ့ အစွယ်ပေါက်မလာမချင်း ပျင်းရတယ်ကိုမရှိဘူး နောက် ဆယ်နှစ် အနှစ်နှစ်ဆယ် ကြော်ငြာတွေချည့် 
မင်း လာတို့စ်လုပ်တဲ့ ဖန်ခွက်ထဲမှာ ရှန်ပိန်လား မာတီနီလား ငါ့ဖန်ခွက်ထဲမှာ ကဗျာ ငါးပိဖုတ်နံ့သင်းလာပြီဆို လျှာရည်ယိုလာသလိုပဲ ကိုယ်ဟာနေ့တွေကို အငမ်းမရလိုက်စုပ်ယူနေမိတယ် ကြွေးကြော်သံများကို စွန့်လွှတ် 
(စွန့်လွှတ်) ခဲ့ပါသည် ရှပ်အင်္ကျီအဝါကို စွန့်လွှတ်ခဲ့ပါသည် စွန့်လွှတ်တာ မဟုတ်ဘူးလေ အဲ စွန်လွှတ်တာ စွန်လွှတ်တာ ပန်းတွေနဲ့ဝေ ဇာတ်ကားထဲကကိုအောင်ပြည့် သရုပ်ဆောင်ကွက် အထီးကျန်နေရခြင်းမှာ
သူ(မာရီနာ) နေချင်၍ နေရသော နေထိုင်နည်းမဟုတ်ပါ ကျိန်စာတခုသာဖြစ်ပါသည်။ ။

ခင်အောင်အေး
၁၀၊ မတ်၊ ၂၀၁၁ ဘန်ကောက် ၁၀း၃၅ နာရီ
inspired by ilya ehrenberg’s memoirs
Read more


မီးပြတိုက်


နေ့ဆို ကမ်းမမြင်လမ်းမမြင်
နေသွားပုံကိုကြည့်၍သာ လမ်းရှာရ

ညဆို ကြယ်ပွင့်ကလေးတွေ ကြည့်ကာ
တွက်ချက်ကာ လသာ တဲ့အခါအခိုက်တွေလဲ ရှိ

မီးပြတိုက် တစ်ခုတစ်လေတွေ့နိုး
ပင်လယ်ထဲ လမ်းပျောက်နေတဲ့ အခါများ အားကိုးတကြီးနဲ့

ဟော ဟိုက ပျပျမှုန်မှုန် မှိတ်တုတ်မှိတ်တုတ်
မီးပြတိုက်တခုလား..သေးရာမှ ကြီးလာ..နီးလာ..

ကြည့်နေရင်း မီးပြတိုက်ဟာ ရုတ်တရက်
မြင်ကွင်းထဲက ပျောက်သွား နတ်ဖွက်သွားတာလို
ပင်လယ်မှောက်တာလို စိတ်ကယောက်ကယက်များ…

သွေးလေ ခြောက်ခြား မျက်စေ့မှားတာလား
မီးပြတိုက်တခုကို တကယ်တွေ့ခဲ့တာလား။ ။

ခင်အောင်အေး
၂၂၊ ဧပြီ၊ ၂၀၁၁ ဘန်ကောက် ၁၁း၁၂ နာရီ
Read more

About Me

My Photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

အလည်လာတဲ့သူတွေ

ဒီနိုင်ငံတွေကလာကြတယ်

   

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts

Recent Comments