ဒီကနေ့ ညီလေး လင်းထက် မွေးနေ့၊ တခုခု ရေးမယ်ကြိုတင်စိတ်ကူးထားတယ်။ ခု ဒီကဗျာလေး
ရေးဖြစ်တော့ (သူလဲ ကိုယ့်မရေးရသေးတဲ့ စာအုပ်တွေထဲက အဓိကဇာတ်ကောင် တစ်ကောင်ပဲမို့)
သူ့ကို ဒီကဗျာလေး မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။
ခဏ ဧည့်သည်
ကောင်းစွာ ချုပ်ထိန်းထားပြီးဖြစ်လို့ ပုံစံကျနေတဲ့ စိတ်ကို
ညက ဖြည်လွှတ်ပေးကြည့်တယ်။
ဝရံတာလိုလို ကပြင်လိုလို ဖိနပ်ချွတ်လိုလို
အလှကြွေပြားတွေ အပြည့်ခင်းထားတဲ့ အုတ်ခုံစွန်းတစ်ခုမှာ
စိတ်ကူးယဉ်တာလိုလို ခံစားနေတာလိုလို အတွေးပြန့်လွင့်နေတာလိုလို
ထုနဲ့ထည်နဲ့ ငွေ့ရည်စိုင်ခဲဖွဲ့ခဲ့သမျှ နှစ်ငါးဆယ်ကျော်ကျော်ရဲ့ အစွန်းအစပ်မှာ။
စကားဝါ ပန်းနံ့က မွှေးအီအီ
ခပ်လှမ်းလှမ်း တောစပ်(လိုလို) ထဲက ဘုတ်သံက တအီအီ
ဆာကုရ ဆိုတဲ့ မိတ်ဆွေရဲ့အချစ်တော်ခွေးကလေးကလဲ တအီအီ
ငါ တောင်တောင်အီအီ တွေးမိသမျှ အားလုံး မအီမလည်ချည့်သာ။
ငါ့ နောက်ကျောမှာ
စင်တွေနဲ့အပြည့် စီရီဖြည့်တင်းထားတဲ့ စာအုပ်တွေအများကြီး
(ငါ ဟာ နယ်စွန်နယ်ဖျားက စာကြည့်တိုက်ကလေးတခုမှာ တည်းခိုနေတာပါ)
ငါ့ အနောက်မှာ
ဖတ်ရှုလို့ မကုန်နိုင်အောင် ထွေပြား ရှည်လျား ရှုပ်ထွေးမှုများ တပုံတခေါင်းနဲ့
မရေးသားရသေးတဲ့ ဘဝဇာတ်ကြောင်း စာအုပ်တွေအများကြီး
(ငါ ဟာ ဆုံးစမရှိတဲ့ သံသရာခရီးသွားတစ်ယောက်အဖြစ် ခုလက်ရှိဘဝမှာ တည်းခိုနေတာပါ)
ညနက်လာလေ
ဖွင့်ထားတဲ့ သီချင်းသံ (လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က သီချင်းတွေ) လေးနက်လာလေ
ငါ့ ရဲ့ စားမြုံ့ပြန် လုပ်ငန်းဟာ အရသာ ပျစ်ချွဲထူးအမ်းနက်ရှိုင်းလာလေလေနဲ့ပေါ့။
နောက်ဆုံးတော့
အဆုံးသတ်တခုဟာ ရှိနှင့်ဖြစ်တည်ခဲ့ပြီးသား အဆုံးသတ်ကလေးပေါင်း
အရာအထောင်အသောင်းတို့လိုပဲ အဆုံးသတ်ခဲ့ပါတယ်။
(အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့်)
- ကော်ဖီခွက်ကို ဘေစင်ထဲထည့်ခဲ့
- ရေအိမ်ဝင်ကာ ပုံမှန်ညစဉ်လုပ်နေကျအစီအစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့
- မသုံးဖြစ်ပဲ ပွင့်နေတဲ့ ကွန်ပြူတာကို ရှပ်ဒေါင်းလုပ်ခဲ့
- အသင့်ခင်းပြီးသားအိပ်ယာထဲ မဝင်မီ မီးခလုပ်ကို ပိတ်ခဲ့
- စိတ်တံခါးကို ပုံစံကျ ဖြည်းညှင်းငြင်သာစွာ အနှေးမှိန်ချခဲ့…..
ခင်အောင်အေး
၉၊ ဇွန်၊ ၂၀၁၁ မဲဆောက် ၇း၂၆ နာရီ
ဒါလေးတွေလဲ ရှိသေးတယ်
လင်းထက် says:
အခုလို ကဗျာလေး မွေးနေ့လက်ဆောင် ပေးတာ ကျေးဇူးအများကြီး တင်ပါတယ် အကိုကြီး..
jasmine(တောင်ကြီး) says:
စိတ်ကိုညက ဖြည်လွှတ်ပေးကြည့်တယ် တဲ့.....
အဲဒီလိုစာသားလေးတွေကိုအရမ်းကြိုက်ပါတယ်
ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင်။
အဖြူရောင်နတ်သမီး says:
ကိုလင်းထက်ရေ...
အလုပ်တွေများပြီး မရောက်တာကြာပေါ့..။
မွေးနေ့တောင်မမှီတော့ပါလား..
ကြိုသိခဲ့ရင် မွေးနေ့အတွက် တခုခုစီစဉ်ပေးလို့ရတာပေါ့..
နောက်နှစ်ပေါ့ရှင်..။
နောက်ကျ မွေးနေ့ဆုတောင်းလေးပေါ့...
Happy Birthday... ပါနော်
မေသိမ့်သိမ့် ကျော် says:
ကဗျာက အရမ်းလှတယ်။ အဆုံးသတ်တွေ အမြဲရှိနေတာပါ။ အရာရာတိုင်းမှာအဆုံးသတ်ရှိနေမယ်လို့ .....
ခင်မင်လေးစားလျက်