လူတွေကို ငါဘယ်လို သဘောထားရမလဲ
ငါ့ ကိုယ်ငါ ဘယ်လို သဘောထားရမလဲ
မေးခွန်း ၂ ခုဟာ တခုကို ဖြေရှင်းပြီးရင်
နောက်တခု အလိုလို ဖြေရှင်းမိလျက်သားဖြစ်မှာပဲ
သဘောထား ဆိုတာကို ငါဘယ်လိုသဘောထားရမလဲ
ဘယ်လို ဆိုတာကို ငါဘယ်လို သဘောထားရမလဲ
သဘော ဆိုတာကို ဘယ်နားမှာ ဘယ်လိုထားပြီး
ဘယ်လို ဆိုတာကို ဘယ်နားမှာ ဘယ်လို သဘောထားမလဲ
ဝူးဝူး ၀ါးဝါးကနေ
လက်ဟန်ခြေဟန်နဲ့ပေါင်းစပ်
နောက် အသံမှာ သင်္ကေတတွေ ပါလာပြီး
အချက်ပြသလို နားလည်မှုနဲ့ ရှေ့ဆက်တက်လာခဲ့ကြ
သောင်းဂဏန်းမျှ နှစ်ကာလတွေ ဖြတ်ကျော်မိပြီးတဲ့အခါ
ဘာသာစကားတွေ အသီးသီးပေါ်ထွန်းလာ
ဟုတ်ပီ ထင်ရတဲ့ စကား စာသား စာပေ ယဉ်ကျေးမှု
ဟုတ်ပီ ထင်ရတဲ့ အတွေးအခေါ် အမြော်အမြင် ယဉ်ကျေးမှု
ငါ အခုနက မေးမိတာ ငါ တော်တော် တုံးတာလား
ငါ အဖုံးတခုကို လှပ်မိတာလား
ဝေါကနဲ ရထားတစ်စင်းဟာ ဖြတ်သွားရဲ့
ဟော လှေကားမှာ ခြေသံကြားရပြီ
ငါအခုပြောနေတာနဲ့
ခုနလေးတင်ကပြောနေတာနဲ့
ဟိုတလောလေးက ပြောနေတာနဲ့
သဘောထားတွေချည့်ပါပဲ
ရထားဟာ အဆက်မပြတ် ခုတ်မောင်းသွားနေတယ်
သမိုင်းကတော့ ငါးခူပြုံးပြုံးလို့။ ။
ခင်အောင်အေး
၃၀၊ သြဂုတ်၊ ၂၀၁၁ ရုဒက်ဆိုင်မြို့ ဂျာမဏီ ၁၂း၅၂ နာရီ
ဒါလေးတွေလဲ ရှိသေးတယ်
သက်တန့်ချို says:
ဝေါကနဲ ရထားတစ်စင်းဟာ ဖြတ်သွားရဲ့
ဟော လှေကားမှာ ခြေသံကြားရပြီ..အတွေးစက်တွေပွင့်ဝေသွားခဲ့တယ်း)